လက်ရှိမှာ မြေဩဇာဈေးနှုန်းတွေက သိန်းဂဏန်းကို အတော်လေး ကျော်နေပြီဆိုတော့ စိုက်ပျိုးတောင်သူတွေအတွက် သုံးစွဲဖို့ အတော်လေးခက်ခဲတဲ့ အနေအထားမှာ ရှိလာကြ ပါတယ်။

ဒါပေမဲ့ အဲ့ဒီလို မြေဩဇာဈေးနှုန်းတက်လာတာတွေကို တအားဂရုစိုက်စရာ မလိုသူတစ်စုကတော့ ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်အတွင်းမှာ ရှိနေကြပါတယ်။

သူတို့တွေကတော့ အိမ်မဲမြို့နယ်၊ ကမန်းတံခွန်တိုင်ရွာက တောင်သူတွေဖြစ်တဲ့ ဦးလှဖုန်းတင့်အပါအဝင် တောင်သူ ၅ ဦးပါ။ ဧကအားဖြင့်တော့ အရမ်းမများပါဘူး။ စုစုပေါင်း ဧက ၂၀ လောက်ပဲ ရှိတယ်လို့ သိရပါတယ်။

ဦးလှဖုန်းတင့်တို့ဟာ မေတ္တာဖောင်ဒေးရှင်းရဲ့ နည်းပညာကူညီမှုတွေနဲ့အတူ လွန်ခဲ့တဲ့ ၇ နှစ်၊ ၈ နှစ်ခန့်ကတည်းက ဓာတ်မြေဩဇာမသုံးတဲ့ လယ်ယာစနစ်ဆီ စတင်ကူးပြောင်းခဲ့ကြတာပါ။ အထွက်နှုန်းလျော့နည်းမှုတွေရှိခဲ့ပေမဲ့ ဆက်လက်ကျင့်သုံးခဲ့ပြီး လက်ရှိအချိန် မြေဩဇာဈေးနှုန်းတွေ ခေါင်ခိုက်နေချိန်မှာတော့ သူတို့ရဲ့လုပ်ဆောင်ချက်တွေက အကျိုး အမြတ်တွေ ဖြစ်စေနေပြီဖြစ်ပါတယ်။

ဒါကြောင့် ပတ်ဝန်းကျင်က တခြားသူတွေကပါ သူတို့နည်းစနစ်တွေကို လာရောက်လေ့လာ သုံးစွဲတာမျိုးတွေ ပြုလုပ်ကြပြီလို့ သိရပါတယ်။ ဒီလို ပြောင်းလဲဖြစ်ခဲ့ပုံနဲ့ လက်ရှိအနေအထားတွေအပေါ် Green Way က ဦးလှဖုန်းတင့်နဲ့ ဆက်သွယ်မေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။

မေး – ဒီလို ဓာတုမြေဩဇာတွေ မသုံးဘဲ စိုက်လာတာ ဘယ်တုန်းကတည်းကလဲ။ အထွက်နှုန်းကို သိသိသာသာ ထိခိုက်တာမျိုးရှိသွားခဲ့လား။

ဖြေ – အခုဆိုရင် ၇ နှစ်၊ ၈ နှစ်လောက်ရှိပြီ။ အထွက်တော့ နည်းနည်းတော့နည်းသွားတာပေါ့။ ပုံမှန်ထက်တော့ သိပ်ပြီးတအားကြီးလျော့တာတော့ မရှိဘူး။ ဆင်းသုခတို့ ဘာတို့ဆိုရင် ခါတိုင်း ဓာတုသုံးနေကျလယ်တွေက ၉၀၊ ၁၀၀ လောက်ရနေတာဆိုရင် ခုကျတော့ ပုံမှန် ၈၅ တင်းလောက်တော့ ရတယ်ဗျ။ လျော့တယ်ဆိုပေမဲ့လည်း လက်ရှိ သွင်းအားစုတွေနဲ့ ပြန်တွက်မယ်ဆိုရင်တော့လည်း မဆိုးပါဘူး။

ပေါ်ဆန်းရင်လည်း စိုက်ကြတယ်။ သူကတော့ ပုံမှန်ကိုက ဓာတု သိပ်ကြိုက်လှတယ်ရယ် မဟုတ်ဘူး။ သုံးရင် ၆၀၊ ၇၀ လောက်ထွက်တယ်ဆို မသုံးလည်း ၅၀၊ ၆၀ လောက်ကတော့ ထွက်နေတာပါပဲ။ ဓာတု တအားသုံးပြန်ရင်လည်း သူက အပင်တွေဟုန်ပြီး အထွက်လျော့ တာတွေလည်း ရှိတာပဲ။

မေး – ဘယ်လိုကနေ ဘယ်လို ဒီလိုပြောင်းလဲဖြစ်သွားတာလဲ။

ဖြေ – အဓိကကတော့ မေတ္တာဖွံ့ဖြိုးရေးစီမံကိန်းကြောင့်ပေါ့။ သူက စဝင်ကတည်းက နည်းပညာတွေ ပေးခဲ့တယ်။ အဲ့လိုမျိုးလေးတွေနဲ့ ဒီဒေသကလူတွေကို စည်းရုံးတာပေါ့။ သူ့ရဲ့ အသိပညာ၊ အတတ်ပညာတွေပေးပြီး ဒါက ဖြစ်သင့်တယ်ဆိုတဲ့ဟာပေါ့။ အခုဖြစ်နေတဲ့ အခြေအနေနဲ့ဆိုရင်တော့ ကွက်တိဖြစ်သွားတာပေါ့ဗျာ။ အခုက ဓာတ်မြေဩဇာဈေးကလည်း ၁ သိန်းကျော်နေပြီဆိုတော့လေ။ ကျွန်တော်တို့လို ကြိုတင်လုပ်ထားတဲ့သူတွေအတွက်ကျတော့ ကွက်တိဖြစ်သွားတာပေါ့။

မေး – ရှိသမျှလယ်မြေအကုန် အပြောင်းအလဲလုပ်လိုက်တာလား။ ဘယ်လိုတွေ ပြောင်းလဲ လုပ်တာတွေ ရှိလဲ။

ဖြေ – ဧကအကုန်လုံးကိုတော့ စိုက်လို့မရဘူး။ တချို့ကျတော့ နွေစပါးနေရာတွေကျတော့ ဓာတုက မသုံးမဖြစ် သုံးနေရတာမျိုးလည်းရှိတယ်။ အခု စိုက်တဲ့နေရာတွေကျတော့ ပဲချိန်ကျရင် ပဲစိုက်တဲ့လယ်တွေဆိုတော့ ဓာတုမသုံးလည်း ရတာပေါ့။ ပဲချိန်ကျတော့လည်း သဘာဝဆေးတွေပဲသုံးဖြစ်တာ။ ငါးအမိုင်နိုင်တို့၊ အီးအမ်တို့၊ နောက် ကိုယ့်ဘာသာကိုယ် သဘာဝနဲ့ဖော်တဲ့ ပိုးသတ်ဆေးတွေပေါ့ဗျာ။ ကြက်သွန်ဖြူတွေ၊ ဂျင်းတွေ၊ ဆေးရွက်ကြီးတွေ၊ တမာတွေ အာ့လိုပေါ့။ ကိုယ့်ဟာကိုယ် စိတ်ကြိုက်စိမ်ပြီးတော့ ဖျန်းတာတွေရှိတာပေါ့။ သူတို့ကတော့ ပိုးသတ်တာတော့မဟုတ်ဘူး။ ပိုးတားတာပေါ့။ များများစားစား မကျတော့ဘူးပေါ့။ တအားကြီး အပျက်အစီး မရှိဘူးပေါ့။ အထွက်နှုန်းတော့ နည်းနည်းတော့ ကွာတာပေါ့ဗျာ။

မဖြစ်မနေကျမှ ပိုးသတ်ဆေး နည်းနည်းပါးပါးတော့ သုံးတဲ့အခါသုံးတယ်။ များသော အားဖြင့်တော့ မသုံးဖြစ်ပါဘူး။

မေး – ဒီလို ဓာတုလွတ်ဆိုတော့ ဈေးနှုန်းပိုရတာတွေရှိလား။ တခြားသူတွေနဲ့ယှဉ်ရင် အကျိုးအမြတ် ထိခိုက်သွားတာမျိုး ရှိလား။

ဖြေ – ဈေးတော့ပိုမရပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့က ဆေးဖိုးသက်သာတယ်။ များသောအားဖြင့် တချို့ကကျ ဆေးကို အကြွေးနဲ့ယူပြီး ဖျန်းရတာတွေ ရှိတာကိုး။ ကျွန်တော်တို့ကျ အဲ့ဒီဒဏ်တော့ မခံစားရဘူးပေါ့ဗျာ။ ဒါပေမဲ့ ထွက်သမျှတော့ တင်းတိမ်ရတဲ့သဘောတော့ ရှိတာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ကကျ ထွက်သမျှအမြတ်ပေါ့။

စပြောင်းတုန်းကတော့ စပါးမှာတော့ ထိတယ်ဗျ။ ကျွန်တော်ကတော့ ဘုရင့်နောင် ဖောင်ဖျက်လုပ်လိုက်တာကိုး။ တုံးတိကြီးဖြတ်ပစ်လိုက်တော့ အဲ့တုန်းကတော့ တအားလျော့ တယ်။ ၃ နှစ်လောက်တော့ နည်းနည်းခံစားရတယ်။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ အခုကတော့ နေသားကျသွားပြီလေ။ အခုဆို ရတဲ့ ကောက်ရိုးတွေ၊ ပဲမှော်တွေဆို မြေဆွေးပုံပြီး အဆွေးခံ ထားတာ။ တချို့နေရာတွေကျတော့ နွားချေးနဲ့ရောပြီး ဘိုကာရှီမြေဆွေးတွေ ဘာတွေလုပ်တာလည်းရှိတာပေါ့။ သီးသန့်ချည်းဆိုရင်တော့ ကောက်ရိုးတွေ၊ ပဲမှော်တွေတော့ နှစ်တိုင်း ပုံထားတာရှိတယ်။ အဲ့ဒီအဆွေးတွေကို ပြန်ချတယ်ပေါ့ဗျာ။

မေး – သဘာဝမြေဩဇာတွေကျတော့ ဘယ်လိုပုံစံတွေနဲ့ အစားထိုး အသုံးပြုတာလဲ။

ဖြေ – ရှိသမျှကောက်ရိုးဆွေးတွေ၊ နောက် ကျွန်တော်က ဝါးခြံလည်းရှိတော့ ဝါးရွက်တွေ၊ ရသမျှ အမှိုက်တွေပေါ့၊ အဲ့ဒါတွေကိုထည့်။ နောက် ပဲမှော်တွေဆိုလည်း ဒီတိုင်းမထည့်ဘူး။ အဆွေးခံပြီးမှထည့်တာပေါ့။ အီးအမ်ကတော့ဒိုင်ခံပေါ့။ အမြဲတမ်းလုပ်ထားတာရှိတယ်။ အပြင်းဝယ်ပြီး ပွားထားတာလည်းရှိတယ်။ နောက် ဝါးရွက်မှိုကနေလုပ်တာလိုမျိုး ကိုယ့်ဟာကိုယ် ဖန်တီးတာတွေလည်း ရှိတာပေါ့။ ရှိသမျှ နည်းပညာတွေ စုဆောင်းပြီး ကိုယ့်ဟာကိုယ် လုပ်ထားတာပေါ့။ ဘိုကာရှီလိုမျိုး သီးသန့်လုပ်တာလည်းရှိတာပေါ့။ ငါးအမိုင်နိုအက်ဆစ်လည်း မပြတ်စေရဘူး။ အခု နောက်တစ်ခုတိုးတာက ခရုနဲ့လုပ်တဲ့အမိုင်နိုပေါ့။ ကျွန်တော်တို့ ဒီဘက်မှာ ရွှေခရုတွေ ခေတ်စားတော့ အဲ့ဒီရွှေခရုတွေလည်း ကောက်ရင်းနဲ့ အမိုင်နိုလုပ်ပြီး စမ်းသုံးကြည့်တာပေါ့။ သူကလည်း ငါးနဲ့ သိပ်မကွာပါဘူး။ ပြင်းလည်းပြင်းတယ်။

မေး – အရင်တုန်းက အခုလို အပြောင်းအလဲမလုပ်ခင်တုန်းကပေါ့လေ။ ဓာတုမြေဩဇာတွေ ကို ဘယ်လိုနှုန်းထားမျိုးလောက်နဲ့ သုံးကြလဲ။

ဖြေ – ပုံမှန်တော့ ထန်ကုန်အားဖြင့် တစ်အိတ်ခွဲ၊ နှစ်အိတ် (၁ ဧကစာ) လောက်ပဲ သုံးကြပါတယ်။ ပုလဲကော၊ ကွန်ပေါင်းကောပေါ့။ အခုဈေးနဲ့ဆိုရင်တော့ မနည်းဘူးပေါ့လေ။

မေး – အခုက ဒီလိုအပြောင်းအလဲလုပ်ကြသူတွေက ဦးလှဖုန်းတင့်ချည်းပဲလား။ တခြား လုပ်ကြသူတွေကော ရှိသေးလား။

ဖြေ – အရင်ကတော့ ၅ ယောက်ပဲပေါ့ဗျာ။ ဒါပေမဲ့ အခုအနေအထားမျိုးမှာကျတော့ ၅ ယောက်မကတော့ပါဘူး။ ဘာလို့လဲဆိုတော့ တချို့က ဝယ်မှမသုံးနိုင်တော့တာကိုး။ တဖြည်းဖြည်းတော့ လာပြီး လေ့လာကြတာတွေရှိလာတာပေါ့။ အနီးအနားကလူတွေပေါ့။ ကုန်ကျစရိတ်တွေ တအားများလာတော့။ အခုတော့ သူတို့လည်း လုပ်လာကြတာပေါ့။ သူတို့က တခြား ဟိုသုံး ဒီသုံးလေးတွေ နည်းနည်းတော့ ပါသေးတယ်။ ဒါပေမဲ့ အများကြီး လျှော့ချသွားကြပြီ။

(မြေဩဇာနဲ့ ဓာတုဆေးဝါးဈေးနှုန်းတွေက အရင်တုန်းကဈေးတွေနဲ့ယှဉ်ရင် လက်ရှိမှာ အဆပေါင်း တော်တော်များများထိ မြင့်တက်သွားတာဖြစ်ပါတယ်။ တောင်သူတွေအနေနဲ့ ထုတ်ကုန် ဈေးနှုန်းတွေမှာ ပိုရလာတယ်ဆိုပေမယ့် ဓာတ်မြေဩဇာအပါအဝင် တခြား သွင်းအားစု၊ အခြားစရိတ်တွေမှာလည်း သိသိသာသာကြီးကို တက်သွားတာဖြစ်လို့ အကျိုးအမြတ် ထူးပြီး ရလာတာမျိုးမရှိကြပါဘူး။ တချို့ဆိုရင် အရင်းအနှီးစိုက်ထုတ်ဖို့တောင် မတတ်နိုင်ကြတော့သူတွေလည်း ရှိနေပါတယ်။ အဲ့ဒီလိုတောင်သူတွေအတွက် အခုလို ကုန်ကျစရိတ်သက်သာနိုင်မယ့်နည်းလမ်းတွေကို လက်တွေ့လုပ်ဆောင်နေသူတွေရဲ့ အတွေ့အကြုံ၊ အကြံပြုချက်တွေကို သိစေချင်တဲ့အတွက် ‘ တောင်သူမှ တောင်သူသို့’ ကဏ္ဍတစ်ခုအနေနဲ့ ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်)

သဘာဝမြေဩဇာ၊ သဘာဝပိုးသတ်ဆေးလုပ်နည်းတွေကိုတော့ ကောင်းကျိုးဆိုးကျိုးတွေကအစ Green Way App မှာ အများအပြား ဖော်ပြထားတာ ရှိထားပြီးဖြစ်လို့ ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်

Leave a Reply

Your email address will not be published. Required fields are marked *