အီးအမ်သည် ပေါင်းပင်ကိုမသေစေပါ။ အီးအမ်သည် ပေါင်းမျိုးစေ့များနှင့် ပင်ပိုင်းမျိုးပွားအင်္ဂါများကို ငုပ်လျှိုးကာလ (Dormancy) ပျက်ပျယ်စေပြီး လျှင်မြန်စွာအပင်ပေါက်စေသည်။ ဤအချက်ကို ပေါင်းနှိမ်နင်းရာတွင် အသုံးပြုနိုင်ပါသည်။ စပါးစိုက်ရန် မြေပြင်ရာတွင် ထယ်မထိုးမီ (၁၅) ရက်ခန့်ကြိုတင်၍ အီးအမ်ဖျန်းပါ။ အီးအမ်ဖျန်းခြင်းဖြင့် ပေါင်းမျိုးစေ့များအားလုံး ငုပ်လျှိုးကာလပျက်ပြီး အပင်ပေါက်လာမည်။ ထိုအခါမှ ထယ်ထိုးခြင်းဖြင့် ပေါင်းပင်များ အားလုံးမြေမြှုပ်ပြီးဖြစ်ပါမည်။

ပေါင်းပင်များအားလုံး ပုပ်ဆွေးပြီးမှ စပါးစိုက်ခြင်းအားဖြင့် စပါးခင်းတွင် ပေါင်းပေါက်မှု သက်သာစေမည်ဖြစ်ပါသည်။ သို့မဟုတ်ပါက ပေါင်းမျိုးစေ့များသည် ငုပ်လျှိုးကာလ အမျိုးမျိုးရှိသဖြင့် ငုပ်လျှိုးကာလအလိုက် ပေါင်းပင်များ အကြိမ်ကြိမ်ထွက်ရှိနေမည်ဖြစ်သဖြင့် ပေါင်းကို အကြိမ်ကြိမ် လိုက်နေရပါမည်။ ဥပမာ – ငုပ်လျှိုးကာလတစ်လရှိသော ပေါင်းပင်သည် ပထမထယ်ထိုးစဉ်က အပင်မပေါက်သေး၍ ထယ်ထိုးမွှေးစဉ်မသေဘဲ စပါးစိုက်ပြီးမှ ပေါက်လာပါမည်။ ထိုပေါင်းပင်ကို ရှင်းပြီးသောအခါတွင် ငုပ်လျှိုးကာလနှစ်လရှိသော ပေါင်းပင်ထပ်ပေါက်ပါမည်။

ဤသို့ဖြင့် ပေါင်းကိုအကြိမ်ကြိမ်ရှင်းနေရပါမည်။ ထယ်မထိုးမှီ အီးအမ်ဖျန်းထားပါက ပေါင်းမျိုးစေ့များ ငုပ်လျှိုးကာလပျောက်ပြီး အပင်ပေါက်သဖြင့် ထယ်ထိုးမွှေသောအခါ ပေါင်းပင်အားလုံးသေပြီးဖြစ်ပါမည်။ ထိုအခါပေါင်းအကြိမ်ကြိမ် ထပ်မပေါက်နိုင်သောကြောင့် ပေါင်းနှိမ်နင်းပြီးဖြစ်ပါသည်။

ပါမောက္ခ ဒေါက်တာမြင့်လွင်ရေးသားသော ‘အကျိုးပြုအဏုဇီဝသက်ရှိများ ‘စာအုပ်မှကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

စာအုပ်ကို ဝယ်ယူလိုပါက အစိမ်းရောင်လမ်းရဲ့ ဈေးတန်းကြီးကဏ္ဍမှာရှိတဲ့ ဗွေဆော်ဦးစာအုပ်ဆိုင်မှာ အော်ဒါတင်နိုင်သလို page chat box မှာအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်လေးပေးပြီး လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်

အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်

Leave a Reply

Your email address will not be published. Required fields are marked *