အော်ဂဲနစ်နည်းနဲ့ သီးနှံတွေစိုက်ပျိုးတဲ့အခါ ရှာလကာရည်ကို သဘာဝပေါင်းသတ်ဆေးအနေနဲ့ အသုံးပြုလို့ ရပါတယ်။ ရှာလကာရည်မှာပါဝင်တဲ့ အက်စစ်ဂုဏ်သတ္တိဟာ (acetic acid) ပေါင်းပင်တွေကို ကာကွယ်နှိမ်နင်းပေးနိုင်တဲ့ အစွမ်းရှိတာကြောင့်ဖြစ်ပါတယ်။ အက်စစ်ဂုဏ်သတ္တိပိုများလေ ပေါင်းပင်တွေကို နှိမ်နင်းနိုင်လေ ဖြစ်ပါတယ်။

ကျွန်တော်တို့ အိမ်တွေမှာ ချက်ပြုတ်စားသောက်တဲ့အခါ အသုံးပြုလေ့ရှိတဲ့ ရှာလကာရည်တွေကတော့ အက်စစ်ဂုဏ်သတ္တိနည်းပါတယ်။ အများအားဖြင့် အက်စစ်ဂုဏ်သတ္တိ ၅ ရာခိုင်နှုန်းနဲ့ ရေ ၉၅ ရာခိုင်နှုန်း ပါဝင်တာဖြစ်ပါတယ်။ ဒီလို အက်စစ်ဂုဏ်သတ္တိနည်းတဲ့ ရှာလကာရည်တွေကိုတော့ တနိုင်တပိုင် စိုက်ခင်းငယ်လေးတွေမှာ ပေါင်းနှိမ်နင်းတဲ့အခါ အသုံးပြုလို့ရပါတယ်။

သို့ပေမဲ့ သီးနှံစိုက်ခင်းကြီးတွေမှာ နှစ်ရှည်ပေါင်းပင်တွေကို နှိမ်နင်းဖို့အတွက် အသုံးပြုမယ်ဆိုရင်တော့ အက်စစ်ဂုဏ်သတ္တိပမာဏ ၂၀ ကနေ ၃၀ ရာခိုင်နှုန်းရှိတဲ့ ရှာလကာရည်တွေကို ရွေးချယ်သင့်ပါတယ်။

အက်စစ်ဓာတ်ပါဝင်မှုများတဲ့ ရှာလကာရည်တွေကို အသုံးပြုမယ်ဆိုရင်တော့ စနစ်တကျသေချာကိုင်တွယ်ဖို့ လိုအပ်ပါတယ်။ အဓိကအားဖြင့် အရေပြားနဲ့ မျက်နှာအစိတ်အပိုင်းတွေကို တိုက်ရိုက်ထိတွေ့တာမျိုး မဖြစ်စေဖို့ သတိပြုသင့်ပါတယ်။

တစ်ရာသီခံပေါင်းတွေကို နှိမ်နင်းရာမှာ မိမိစိုက်ခင်းမှာ နှစ်စဉ်ပေါက်ရောက်လေ့ရှိတဲ့ ပေါင်းအမျိုးအစား၊ ၎င်းတို့ရဲ့ မျိုးစေ့ချတဲ့အချိန် စတာတွေကို သိထားမယ်ဆိုရင်တော့ အလွယ်တကူ ကာကွယ်နှိမ်နင်းနိုင်မှာ ဖြစ်ပါတယ်။

နှစ်ရှည်ပေါက်ရောက်တဲ့ ပေါင်းတွေကို ကာကွယ်နှိမ်နင်းနိုင်ဖို့ကတော့ မလွယ်ကူလှပါဘူး။ နှစ်ရှည်ပေါင်းတွေကို မျိုးစေ့မပေါက်အောင် တားဆီးခြင်းဟာလည်း ထိရောက်တဲ့နည်းလမ်းတော့မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ၎င်းတို့ကို နှိမ်နင်းလိုက်လို့ သေဆုံးသွားပေမယ့်လည်း အမြစ်ကနေတဆင့် ပြန်လည်ရှင်သန်လာနိုင်တာကြောင့် ဖြစ်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာတော့ ရှာလကာရည်ကို မကြာခဏအသုံးပြုပြီး ကာကွယ်နှိမ်နင်းနိုင်ဖို့ လိုအပ်ပါတယ်။ မကြာခဏ အသုံးပြုခြင်းဖြင့် ပေါင်းပင်တွေအားနည်းလာပြီး တဖြည်းဖြည်း သေဆုံးသွားမှာလည်း ဖြစ်ပါတယ်။

ပြုလုပ်နည်း

လိုအပ်တဲ့ ပစ္စည်းတွေကတော့ ပန်းကန်ဆေးဆပ်ပြာအရည်၊ အိမ်သုံးဆား၊ ရှာလကာရည်နဲ့ ဆေးဖျန်းမယ့် စပရေးဗူး (Spray bottle) တို့ပဲ ဖြစ်ပါတယ်။ ရှာလကာရည်မှာ ပါဝင်တဲ့ အက်စစ်ဓာတ်ဟာဆိုရင် ပေါင်းပင်မှာရှိတဲ့ ရေကိုစုပ်ယူပြီးတော့ အပင်တွေကိုခြောက်သွေ့ သေဆုံးသွားစေတာ ဖြစ်ပါတယ်။ ပန်းကန်ဆေးဆပ်ပြာအရည်ဟာ ပေါင်းပင်တွေရဲ့ အပြင်ဘက်အလွှာ သို့မဟုတ် ဖယောင်းအလွှာ (Cuticle layer) ကို ချေဖျက်ပေးပြီး ရှာလကာရည်ရဲ့ လုပ်ဆောင်ချက်တွေကို ထောက်ပံ့ပေးပါတယ်။

ယခုဖော်ပြမယ့် နှုန်းထားက မိမိနေအိမ် ခြံဝန်းအတွင်း တနိုင်တပိုင် ပေါင်းနှိမ်နင်းရာမှာ အသုံးပြုရမယ့် နှုန်းထားဖြစ်ပါတယ်။

ထည့်သွင်းရမယ့်နှုန်းထားကတော့…

ရှာလကာရည် ၁ ဂါလံ (အက်စစ်ဓာတ်ပါဝင်မှု ၅ ရာခိုင်နှုန်း)
အိမ်သုံးဆား ၁ ခွက် (လက်ဖက်ရည်ပန်းကန်လုံး သို့မဟုတ် သောက်ရေခွက်)
ဆပ်ပြာအရည် ထမင်းစားဇွန်း ၁ ဇွန်း
၎င်းတို့ကို ရောစပ်ကာ အပြည့်အဝ ပျော်ဝင်သည်အထိ သေချာစွာမွှေပေးရမှာ ဖြစ်ပါတယ်။ ကောင်းစွာ ပျော်ဝင်ပြီဆိုရင်တော့ သဘာဝပေါင်းသတ်ဆေးအနေနဲ့ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

ဒီနည်းလမ်း ပြုလုပ်တဲ့အခါ ရှာလကာရည်ချည်း သပ်သပ်ပဲ အသုံးပြုရင်လည်း ရပါတယ်။ သို့ပေမယ့် ရှာလကာရည် တစ်မျိုးတည်းကိုပဲ အသုံးပြုမယ်ဆိုရင် ၎င်းမှာပါဝင်တဲ့ အက်စစ်ဂုဏ်တ္တိဟာ ရွက်ပြန့်ပေါင်းပင် အများစုကို သေစေနိုင်ပေမယ့် ပေါင်းပင်တွေရဲ့ အမြစ်စနစ်ဆီကို အာနိသင်မရောက်နိုင်တဲ့အတွက် ပေါင်းပင်တွေ ပြန်လည်ရှင်သန်လာတာမျိုး ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ပိုပြီးထိရောက်အောင် ဆားကိုပါ ထပ်ထည့်ပြီး အသုံးပြုရတာ ဖြစ်ပါတယ်။ ဆားထည့်ပေးခြင်းဖြင့် ပေါင်းပင်တွေရဲ့ အမြစ်စနစ်ကို ခြောက်သွေ့စေပြီး ထိရောက်စွာ နှိမ်နင်းနိုင်မှာဖြစ်ပါတယ်။

ဒီသဘာဝပေါင်းသတ်ဆေးကို အသုံးမပြုခင် သိထားရမယ့် အချက်အလက်တချို့ရှိပါသေးတယ်။ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါတယ်။

ရှာလကာရည် ပေါင်းသတ်ဆေးဟာ ဓာတုဆေးတွေလို ရွေးချယ်ပေါင်းသတ်ပေးတဲ့ အာနိသင်မရှိတာကြောင့် ပေါင်းအမျိုးအစားအားလုံးကိုတော့ နှိမ်နင်းပေးနိုင်မှာ မဟုတ်ပါဘူး။
အသုံးပြုရာမှာ မိမိစိုက်ပျိုးထားတဲ့အပင်တွေကို မထိခိုက်စေဖို့အတွက် သီးသန့်သတ်မှတ်ထားတဲ့ နေရာမှာ ကြိုတင်စမ်းသပ်ပြီးမှ အသုံးပြုသင့်ပါတယ်။
လေမတိုက်ဘဲ နေသာတဲ့အချိန်မျိုးတွေမှာ ဆေးဖျန်းသင့်ပါတယ်။ နေရောင်ဟာ ရှာလကာရည်ကြောင့် ပေါင်းပင်တွေ ခြောက်သွေ့သွားအောင် ကူညီပေးနိုင်ပါတယ်။ လေတိုက်နေရင် မလိုတဲ့နေရာကို ဆေးတွေရောက်သွားနိုင်တာကြောင့် သတိပြုသင့်ပါတယ်။
ရှာလကာရည် ပေါင်းသတ်ဆေးဟာ ပေါင်းပင်တွေရဲ့ အမြစ်ကိုတိုက်ရိုက်မထိတွေ့ပဲ အပေါ်ဘက် အစိတ်အပိုင်းတွေကိုသာ ထိခိုက်ပျက်စီးစေနိုင်တာကြောင့် ကြီးမားတဲ့ပေါင်းပင်တွေကို နှိမ်နင်းမယ်ဆိုရင်တော့ အခြားနည်းလမ်းတွေကိုပါ အသုံးပြုသင့်ပါတယ်။
တစ်ရာသီခံပေါင်းပင်တွေကိုတော့ အလွယ်တကူနှိမ်နင်းနိုင်ပေမယ့် နှစ်ရှည်ပေါင်းတွေကို နှိမ်နင်းရာမှာတော့ ခက်ခဲနိုင်တာကြောင့် စနစ်တကျနဲ့ အကြိမ်ကြိမ်အသုံးပြုပေးဖို့ လိုအပ်ပါတယ်။
ဇင်ထူးနိုင်
https://www.homeguides.sfgate.com/
https://www.birdsandblooms.com/

အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်

Leave a Reply

Your email address will not be published. Required fields are marked *